ဘာကြောင့် နားပြည်ယို သလဲ
နားထဲပိုးဝင်ပြီး နားကိုက်နားနာတာက အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ နားထဲပိုးဝင်တာက အခြေအနေဆိုးလာရင်တော့ နားပြည်ပါယိုလာနိုင်ပါတယ်။ နားထဲကနေ အရည်ကြည်ဖြစ်ဖြစ်၊ ပြည်ဖြစ်ဖြစ်၊ သွေးဖြစ်ဖြစ် ထွက်လာခဲ့ရင် အကြားအာရုံနဲ့ သက်ဆိုင်တာမို့ ပေါ့ဆမနေသင့်ပါဘူး။ အချိန်မီ မကုသရင် အကြားအာရုံ ပျက်စီးသွားနိုင်ပါတယ်။
နားပြည်ယိုရတဲ့ အကြောင်းရင်းများ
(1) နားထဲပိုးဝင်ခြင်း (Otitis Media)
Otitis Media လို့ခေါ်တဲ့ နားအလယ်ပိုင်းပိုးဝင်ခြင်းဟာ ကလေးတွေမှာ အဖြစ်များပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့
- နားကိုက်တာ
- နားပြည်ယိုတာ
- နားမကြားတာ
- ဟန်ချက်မထိန်းနိုင်တာနဲ့
- အဖျားရှိတာ စတဲ့ လက္ခဏာတွေနဲ့ လာနိုင်ပါတယ်။
နားအလည်ပိုင်းမှာ ဖိအားများပြီး နားစည်ပေါက်ထွက်ကာ နားပြည်ယိုထွက်လာတာပါ။
အနာသက်သာတဲ့ဆေး၊ ပိုသတ်ဆေးပေးပြီး ကုသလို့မှ မသက်သာရင် ခွဲစိတ်ကုသဖို့ လိုအပ်နိုင်ပါတယ်။
(2) ရေကူးသူတွေမှာဖြစ်တဲ့ နားထဲပိုးဝင်ခြင်း (Otitis Externa)
Swimmers Ears လို့ခေါ်တဲ့ နားထဲပိုးဝင်ခြင်းဟာ နားရဲ့အပြင်ဘက်လမ်းကြောင်းထဲကို ပိုးဝင်တာဖြစ်ပြီး ရေကူးသူတွေမှာ ဖြစ်လေ့ရှိပါတယ်။ နားကို ဂွမ်းတံနဲ့ ကျပ်လေ့ရှိသူ၊ နားကလော်လေ့ရှိသူတွေမှာလည်း ဖြစ်တတ်ပါတယ်။
- နားယားယံတာ
- နီရဲယောင်ရမ်းတာ
- နားကိုက်တာ
- နားပြည်ယိုတာ
- နားထဲက အဖတ်တွေကွာတာနဲ့
- အဖျားရှိတာ စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ပြင်းထန်လေ့မရှိဘဲ ဆရာဝန်ညွှန်ကြားသော ပိုးသတ်တဲ့၊ မှိုသတ်တဲ့ နားအစက်ချဆေးရည်တွေနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်။
(3) အရည်အိတ်ကြောင့် ဖြစ်ခြင်း (Skin Cyst)
နားအလယ်ပိုင်း နားစည်ရဲ့နောက်မှာ ကင်ဆာမဟုတ်တဲ့ အရည်အိတ်တည်ခြင်းကြောင့်
- နားကိုက်နားနာတာ
- နားပြည်ယိုတာ
- နားထဲမှာ ဖိအားများနေတာမျိုး ခံစားရနိုင်ပါတယ်။ အရည်အိတ်က ခွဲစိတ်ကုသမှသာ ပျောက်ကင်းနိုင်ပါတယ်။
(4) နားစည်ပေါက်ခြင်း (Ruptured Eardrum)
နားအလယ်ပိုင်းမှာ ဖိအားများပြီး နားစည်ပေါက်ထွက်သွားရင် နားပြည်ယိုနိုင်ပါတယ်။ နားထဲပိုးဝင်တာ၊ ထိခိုက်ဒဏ်ရာရတာ၊ နားကလော်ရင် ထိုးမိတာတွေကြောင့် နားစည်ပေါက်တတ်ပါတယ်။
- ရုတ်တရက် နားကစူးစူးရှရှ နာကျင်လာတာ
- နားကိုက်တာ
- နားပြည်ယိုတာ
- နားထဲမှာ တဝီဝီမြည်နေတာ
- မူးဝေနေတာ
- အကြားအာရုံ ပြောင်းလာတာတွေ ခံစားရနိုင်ပါတယ်။ နားစည်ပေါက်တာကလည်း ခွဲစိတ်ကုသပြီး နားစည်ကို ပြန်ဖာမှသာ ပျောက်ကင်းမှာပါ။
(5) ပြင်ပအရာဝတ္ထုများ နားထဲဝင်ခြင်း (Foreign Body in Ear)
အရုပ်အပိုင်းအစလေးတွေ၊ ကြယ်သီးသေးသေးလေးတွေ၊ ပဲစေ့လိုမျိုး အစားအစာတွေ၊ နားကျပ်တံထိပ်က ဂွမ်းစ၊ ပိုးကောင်စတဲ့ ပြင်ပအရာဝတ္ထုတွေ နားထဲရောက်နေရင်လည်း နားကိုက်နားပြည်ယိုနိုင်ပြီး ကလေးတွေမှာ အဖြစ်များပါတယ်။ အိမ်မှာ မိမိဘာသာထုတ်ယူဖို့ အဆင်မပြေရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီးမှ ထုတ်သင့်ပါတယ်။ အတင်းအကျပ် ထုတ်ယူဖို့ ကြိုးစားတာက နားကိုပိုပြီး ထိခိုက်စေနိုင်ပါတယ်။ နားပြည်ယိုတာက အရေးကြီးတဲ့ လက္ခဏာတစ်ခုပါ။ အကြားအာရုံ မပျက်စီးခင် အချိန်မီ ကုသမှုခံယူခြင်းဖြင့် မိမိနားကို တန်ဖိုးထားစောက့်ရှောက်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်